Friday, July 18, 2008

၁၁-၇-၂၀၀၈

တစ်ခြားလူတွေ ဘယ်လိုပတ်ဝန်းကျင်မှာ ကျင်လည်နေကြလဲတော့ မသိဘူး-

ကျမ ကတော့ --

ဆေးလိပ်နံ့တွေ ကို မနက်မိုးလင်းကတည်းက-

ရှုရတဲ့ ရုံးတစ်ခုမှာ ရောက်နေတာ သိပ်ကိုကံဆိုးတယ်လို့ ခံစားရတယ်-

လူ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းလောက် ယဉ်ကျေးမှုထားပေးနိုင်ရင်ကောင်းမှာ-

ဆေးလိပ်နံ့တွေဟာ သောက်တဲ့သူထက် ဘေးမှာရှိနေတဲ့သူကို ပိုပြီးအနှောင့်အယှက်ဖြစ်စေသလို

ကျန်းမာရေးကို ထိခိုက်စေတယ်မဟုတ်လား-

ဆေးလိပ်နံ့တွေ မရှိတဲ့ နေရာမှာပဲ အလုပ်လုပ်ချင်ပေမဲ့-

ရှောင်လို့မရနိုင်တဲ့ အခြေအနေမျိုး-

သိပ်မုန်းဖို့ ကောင်းတာပဲ-

လုံးဝမသောက်ရလို့ မပြောပါဘူး-

သောက်ချင်ရင် လွတ်လွတ်ကင်းကင်းသွားသောက်ပြီး သိတတ်မှုရှိစေချင်တာ-

ပြောတဲ့သူကိုတောင် အပြစ်ဖို့ချင်သေးတာ-

ဆေးလိပ်သောက်တဲ့ အင်အားက သိပ်များနေတာကိုး-

အမှန်တကယ်ဆို-

သူတို့ဘာသာသူတို့ ကြိုက်လို့ပဲသောက်သောက် ကျန်းမာရေးအတွက်

မကောင်းမှန်းသိရဲ့နဲ့ အသိခေါက်ခက်အ၀င်နက်ဆိုတာမျိုးမို့ပဲသောက်သောက်

ဘေးပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေတယ်ဆိုတာတော့နားလည်ဖို့ကောင်းတယ်

ကျမစိတ်တိုမိတာတာလားတော့မသိဘူးလေ

သူတို့ကိုအဲဒါနားလည်စေချင်တာပါပဲ

ဒီ Blog ကိုဝင်ကြည့်ဖြစ်တဲ့မိတ်ဆွေအားလုံးကို
မနက်ဖြန် ၀ါဆိုလပြည့်နေ့ဆိုတော့ ဥပုသ်စောင့်ကြဖို့
မေတ္တာရပ်ခံချင်တာပါပဲ
ဝါတွင်းရဲ့ လပြည့်၊လကွယ်နေ့တွေမှာဆို
သာသနာကိုစောင့်ရှောက်ကြတဲ့ နတ်မင်းကြီးလေးပါးထဲက
တစ်ပါးကိုယ်တိုင် ဒီလောကကြီးမှာ ဘယ်လိုလူတွေ
သီလဆောက်တည်ကြတယ်ဆိုတာ စောင့်ကြည့်တယ်လို့
ဆရာတော်တစ်ပါးမိန့်ဖူးတာကိုကြားဖူးပါတယ်
အဲဒီလိုသာသနာတော်စောင့်နတ်မင်းကြီးရဲ့
မှတ်တမ်းမှာ ပါစေလိုလို့တော့အဓိကမဟုတ်ပါဘူး
ဝါဆိုလပြည့်နေ့လို
ကျမတို့ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်တစ်ခုမှာ
ကိုယ်စီကိုယ်စီ မိမိတို့ရဲ့စောင့်ထိန်းခြင်းသီလကို
စင်ကြယ်စွာဆောက်တည်ထိန်းသိမ်းကြည့်စေချင်မိတာပါ
တစ်ဖြည်းဖြည်း လူ့သက်တမ်းတိုတောင်းလာတဲ့ဒီခေတ်ထဲမှာ
ကောင်းမှုတွေကိုပဲစုဆောင်းမိစေချင်တဲ့စေတနာမျိုးပါ
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အဓိကပဲလို့ထင်ပါတယ်
ပြီးတော့ ဒီခေတ်မှာ မိဘနဲ့သားသမီးတောင်
ဘာသာရေးအမွေလက်ဆင့်ကမ်းမှုလျော့ရဲလာပြီး
အဲဒါဟာလည်း ၀မ်းနည်းစရာတစ်ခုလို့ထင်မိပါတယ်
အဆုံးမရှိသောဆင်းရဲခြင်းတွေပြည့်နှက်နေတဲ့
သံသရာရဲ့လွတ်မြောက်ရာလွတ်မြောက်ကြောင်းဖြစ်သော
အလွန်မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာတရားတော်နဲ့ပတ်သက်ပြီး
လေ့လာလိုသူတွေက သူတို့နဲ့ရေခြားမြေခြားဖြစ်တဲ့
မြန်မာနိုင်ငံအထိလာရောက်ကာအချိန်တွေပေးရင်း
နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီးအရယူနေရချိန်မှာ
ကိုယ်နဲ့လက်တကမ်းမှာပဲရှိနေပြီး မိရိုးဖလာလည်းလက်ခံထားပြီးသား
ကျမတို့အနေနဲ့ အမှန်တကယ်မြင့်မြတ်တဲ့
လွတ်မြောက်ကြောင်းတရားတော်ကို
နီးရက်နဲ့ဝေးနေသလိုဖြစ်နေကြမယ်ဆိုရင်
လူဖြစ်ရကျိုးမနပ်ဘူးလို့တောင်ဆန်းစစ်ရမှာဖြစ်ပါတယ်
သံသရာကနေလွတ်မြောက်တဲ့အထိ
မြင့်မြတ်တဲ့အကျင့်ကိုမရနိုင်သေးရင်တောင်
နေ့စဉ်ကျင်လည်နေရတဲ့ဘ၀ထဲမှာကြုံတွေ့နေရမယ့်
အခက်အခဲတွေ၊ပြဿနာတွေ၊အမျိုးမျိုးသောစိတ်ဖိစီးမှုတွေ
အဲဒါမျိုးတွေကိုပူလောင်ရမယ့်ကိစ္စမဟုတ်သလို လက်ခံနိုင်လာဖို့
အေးချမ်းစွာလည်းကျော်လွှားနိုင်ဖို့
ကိုယ်စီလိုအပ်တဲ့တွေးအခေါ်စွမ်းအားတစ်ခုတော့
ကျမတို့ရဲ့ဗုဒ္ဓဘာသာတရားတော်ကနေရယူနိုင်ပါတယ်
အဲဒါကိုမျှဝေချင်တာပါ
အားလုံးရွှင်လန်းချမ်းမြေ့စွာဖြင့် မိမိကိုယ်ကိုရွက်ဆောင်နိုင်ကြပါစေ
(၀ါဆိုလပြည့်မရောက်ခင်တစ်ရက်အလို အဖိတ်နေ့မှာ Post တင်ချင်တာပေမယ့်
အကြောင်းကြောင်းကြောင့် ဒီနေ့ 18/7/08 မှာမှတင်ဖြစ်ခဲ့တာပါ)
18/7/08 11:05am

Sunday, July 13, 2008

ကျေးဇူးတင်စကားပြောချင်တာပါ-

ကျမ ငယ်ငယ်က မက်ခဲ့တဲ့အိပ်မက်လေး တစ်ခု

အခုတော့

တကယ်ဖြစ်လာလို့ပေါ့-

ကျမကို ၀ိုင်းပြီးကူညီခဲ့တဲ့

အစစ အရာရာ ပံ့ပိုးပေးကြတဲ့

ဦးဇေယျာအေး နဲ့ ဦးကျော်သူရ ကိုပါ-

(ခွင့်ပြုချက် မတောင်းရသေးပဲ နာမည်တွေ ရေးမိတာကိုတော့ ခွင့်လွှတ်စေချင်တာပါပဲ-)

Blog တစ်ခုလုပ်တာ ဘာခဲယဉ်းလို့လဲ လို့တော့ မတွေးစေချင်ပါဘူး-

ကျမ မှာ Blog တစ်ခုလုပ်ချင်တဲ့ စိတ်တစ်ခုကလွဲပြီး ဘာမှ မရှိတဲ့အခြေအနေမျိုးပါ-

INTERNET သုံးတယ်ဆိုတာ ကျမအတွက် အများကြီးကို စွန့်စားရတာလို့ ပြောရင်

ရယ်စရာ လို့ မထင်ပါနဲ့ -

ထားပါတော့လေ-

အခု-

ကျမ လုပ်ချင်တာလေး လုပ်ခွင့်ရလို့ ပျော်ရွှင်စရာကောင်းတယ်လို့-

ထင်မိတာပါပဲ-

ကျမ Blog ထဲ လာတဲ့သူတွေကိုလည်း ပျော်ရွှင်ချမ်းမြေ့စေချင်တာ

ရင်ထဲက တကယ့် ဆန္ဒပါ-

နေ့တိုင်း စာရေးဖို့ ကြိုးစားမယ်လေ-

အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံနိုင်မယ်လို့ မျှော်လင့်တယ်နော်-

၉-၇-၂၀၀၈