ပါရဂူ ရှန်တိနိကေတန်သို့ တစ်ခေါက် (၁၈-၄-၂၀၀၉)
ဘာသာပြန်စာအုပ်တွေ အများကြီးရေးတဲ့ မြန်မာစာရေးဆရာ
ပါရဂူ ရဲ့ စာကြည့်တိုက်ကို သွားဖို့စိတ်ကူးနေတာတော့ ကြာပါပြီ-
အကြောင်းမတိုက်ဆိုင်တော့လည်း နီးရက်နဲ့ဝေး နေလိုက်တာ-
ရောက်မဲ့ ရောက်တော့လည်း ပိတ်ထားတဲ့ ရက်မှာကို
စိတ်ကြိုက် လေ့လာခွင့်ရတာ-
စာအုပ်ချစ်တတ်တဲ့ သူတွေအတွက် ကျမ ပေးနိုင်မဲ့လက်ဆောင်
မြန်မာနိုင်ငံ ရဲ့ စာအုပ်တွေ အများဆုံး၊ဘာသာအများဆုံး
ရှားပါးစာအုပ်တွေ အစုံလင်ဆုံး ကို လေ့လာနိုင်မဲ့ နေရာလေးတစ်ခုပါ-
INTERNET ပေါ်မှာ လိုချင်တာအကုန်ရနိုင်တယ်ဆိုပေမဲ့-
မီးမလာရင် ရှာမရနိုင်တာ၊ (၂၄) နာရီ INTERNET သုံးခွင့်မရနိုင်တာတွေကြောင့်
စာအုပ်တွေကိုတော့ ခုချိန်ထိဖက်တွယ်နေကြရဆဲ မဟုတ်လား-
စာကြည့်တိုက်နာမည်က နည်းနည်းဆန်းပါတယ်-
ပါရဂူ ရှန်တိနိကေတန် ပါ-
ဆရာ ပါရဂူနဲ့ စကားတွေ အများကြီးပြောခွင့်ရခဲ့ပါတယ်-
စာကြည့်တိုက် ရဲ့ သမိုင်း ကိုအရင်ဆုံးပြောပြပါတယ်-
စာကြည့်တိုက် လုပ်တော့မယ်ဆိုတော့
နာမည်ကိုစဉ်းစားတာ(၃)ရက်လောက်ကြာပါတယ်တဲ့-
နောက်တော့
ရာဘင်တရာ နတ်တဂိုးရဲ့ တက္ကသိုလ် နာမည်ကိုပေးဖြစ်ခဲ့တာလို့-
ပြောပြပါတယ်-
မြန်မာလို ဆိုရင် ငြိမ်းချမ်းရေးဗိမာန် လို့ အဓိပ္ပါယ်ရပါတယ်-
စာကြည့်တိုက်လေးက တိတ်တိတ်ဆိတ်ဆိတ် နဲ့
တကယ်ပဲ ပန်းရနံ့တွေ မွှေးပျံ့နေတဲ့ ပန်းခင်းထဲ ရောက်သွားရသလို
ကျမ ခံစားရတော့ နာမည်နဲ့ လိုက်ဖက်တယ်လို့ ထင်မိတယ်လေ-
သူ့ကို (၂၄-၁၂-၂၀၀၅) ရက်နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်-
အခုဆိုရင် စာအုပ်ပေါင်း (၄၀၀၀၀) ကျော်နေပါပြီ-
စာအုပ်တွေကတော့
မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ ဟိန္ဒီ၊ ဆန်းဆကရစ်၊ ဂျပန်၊ သီရိလင်္ကာဘာသာနဲ့
ရေးထားတဲ့ စာအုပ်တွေပါ-
စာကြည့်တိုက် ကြီးတွေရဲ့ စည်းကမ်းအတိုင်း စာဖတ်ချင်တဲ့ သူတွေ
ကိုယ်တိုင်ကိုယ်ကျ စာကြည့်တိုက်ကိုလာပြီး လေ့လာရမှာဖြစ်ပါတယ်-
စာကြည့်တိုက် ကို တနင်္ဂနွေနေ့ နဲ့ တနင်္လာနေ့ မှ အပ
နေ့စဉ် နံနက် (၀၉း၀၀) နာရီ မှ (၁၆း၃၀) နာရီ အထိ
ဖွင့်လှစ်ထားပါတယ်-
စာကြည့်တိုက် ကို
ဆရာပါရဂူ ရဲ့ ချွေးနှဲစာစုဆောင်းငွေတွေ၊ကိုယ်ပိုင်စာအုပ်တွေ၊
ပြည်သူလူထုတွေရဲ့ ပံ့ပိုးမှုတွေ နဲ့ တည်ထောင်ထားတာဖြစ်ပါတယ်-
စာကြည့်တိုက် ၀န်ထမ်းတွေ လည်းရှိနေတော့
ဘယ်လိုရပ်တည်သလဲဆိုတာကလည်း
စိတ်ဝင်စားစရာကောင်းပါတယ်-
ဝင်ကြေးမကောက်တော့ ရစရာဝင်ငွေလည်းမရှိဘူးလေ-
ဘယ်၊ ညာ မယိမ်းဘဲ ကြိုးတန်းပေါ်လမ်းလျှောက်တဲ့
ပေါ်လစီကိုပဲ ကျင့်သုံးပါတယ်တဲ့-
ဘယ်သူ့ကိုမှ အားကိုးမနေပဲ
ဆရာ ပါရဂူ ရဲ့ စာရေးလို့ ရတဲ့ ၀င်ငွေတစ်ခုတည်းနဲ့ တဲ့-
တစ်ခါတစ်ရံ လာလှူတဲ့ငွေ နည်းနည်းပါးပါးနဲ့တဲ့-
ကျမ နည်းနည်းတော့ စိုးရိမ်သွားပါတယ်-
စာကြည့်တိုက်လေး ကိုတော့ အသက်ရှည်ရှည်ရှိနေစေချင်တာပါ-
တကယ်တော့-
စာကြည့်တိုက်လေး-
မဟုတ်ပါဘူး-
စာကြည့်တိုက်ကြီးပါ-
စဖွင့်ကတည်းက
မြန်မာနိုင်ငံ ရဲ့ စာကြည့်တိုက်ကြီး
တစ်ခုဖြစ်မြောက်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာပါ-
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့
ဆရာ ပါရဂူကို
ဧရာဝတိုင်း၊ ဟင်္သာတမြို့နယ် သနွံသနော့ ကျေးရွာမှာ
ဦးဘစော၊ ဒေါ်မေတုတ် တို့မှ
၁၂၈၃ခု၊ တန်ဆောင်မုန်းလဆန်း ၁၁ရက် နေ့မှာမွေးဖွားခဲ့ပါတယ်-
အမည်ရင်းက ဦးလှကြိုင် ဖြစ်ပါတယ်-
(၁၁) နှစ်မှာ ကိုရင်ဝတ်ခဲ့ပြီး ပထမငယ်-လတ်-ကြီး
နဲ့ အစိုးရ စာချတန်း (ဂုဏ်ထူးတန်း) အောင်မြင်ခဲ့ပါတယ်-
၁၉၄၇ ခုနှစ် မှ ၁၉၅၂ ခုနှစ်အထိ
အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ ဟိန္ဒီတက္ကသိုလ်မှာ ပညာသင်ယူခဲ့ပါတယ်-
၁၉၃၉ ခုနှစ် မှစပြီး စာတွေ ရေးခဲ့ပါတယ်-
၁၉၅၄ ခုနှစ် မှာ လူဝတ်လဲခဲ့ပါတယ်-
ဌာန၊ အဖွဲ့အစည်း (၉) ခုလောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး
စာပေ ဆိုင်ရာ ဆုတံဆိပ် (၅)ခု ရရှိခဲ့ပါတယ်-
ဆရာ ပါရဂူ ဟာ သူ့အကြောင်းရေးမှာထက်
သူ့ စာကြည့်တိုက် အကြောင်းကိုသာ ရေးပါလို့ ပြောတာမို့
အသေးစိတ် မရေးပဲ ချန်ထားခဲ့ပါတယ်- ဆရာ ပါရဂူ ဟာ
ပကာသနတွေ မရှိပဲ ရိုးရိုး ရှင်းရှင်းနေထိုင်တာတွေ့ရပါတယ်-
အသက်(၈၈)နှစ်ရှိနေပြီဖြစ်တဲ့ ဆရာပါရဂူ ဟာ ကျန်းကျန်းမာမာနဲ့
ငယ်ငယ်က အကြောင်းအရာတွေကိုလည်း မှတ်မိနေတာတွေ့ရပါတယ်-
ကျမနဲ့ (၄)နာရီကြာအောင် စကားပြောဖြစ်ပါတယ်-
ကျမကို မျက်မှန် မပါဘဲ စာဖတ်ပြပါသေးတယ်-
ကျမ ကို ဖတ်ခိုင်းတာမဟုတ်ပါဘူး-သူ က ဖတ်ပြတာပါ-
စိတ္တရလေခါ ရဲ့ အမှာ၊ ပိတောက်ဖီလော်ဆှိုဖီ၊
ဧရာဝတီတိုင်း မှာ ကျမလည်းနေဖူးတယ်ဆိုတော့
(ဘ၀ခရီးသည် စာအုပ်ထဲက)
ဧရာဝတိုင်း ထဲကမြို့လေးတစ်မြို့ အကြောင်း-
ကျမ ကဓာတ်ပုံရိုက်တော့ အိမ်နေရင်းပုံနဲ့မို့ မရိုက်ပါနဲ့လို့ ပြောပါတယ်-
(မီးမဖွင့်ပဲ ခိုးရိုက်လာတဲ့ ပုံကိုတော့ ခွင့်ပြုချက်ရမှပဲ တင်ပေးပါဦးမယ်- )
ဆရာပါရဂူ က ကျမ သိသင့်တယ် ထင်တာတွေ ပြောပြပြီး
သိချင်တာရှိရင်မေးပါလို့ ပြောပါတယ်-
အကြောင်းအရာတွေက စုံသလောက်ရှိနေတာမို့-
အရင်ဆုံး ဘာဖြစ်လို့ ဘုန်းကြီး လူထွက်လိုက်တာလဲလို့ မေးဖြစ်ပါတယ်-
စ၀တ်ကတည်းက ပညာသင်ဖို့ အားသန်ခဲ့ပြီး
စာရေးဆရာ လုပ်ချင်လာတဲ့ အခါ
လူအဖြစ်နဲ့က ပိုလွတ်လပ်လွယ်ကူမယ်ထင်လို့ပါတဲ့-
ခုချိန်ထိ တစ်ယောက်တည်းနေနေတာမို့-
ငယ်ငယ်တုံးက သဘောကျခဲ့တဲ့ အမျိုးသမီးမရှိခဲ့ဘူးလား ဆိုတော့-
ရှိတာပေါ့ -အများကြီးပါပဲတဲ့လေ-
ဒီလိုပဲ သဘောကျရုံ ကျခဲ့တာတဲ့လေ-
တစ်ယောက်တည်းနေခဲ့လို့သာ ဒီစာကြည့်တိုက်ဖွင့်နိုင်ခဲ့တာလို့ဆိုပါတယ်-
ဆရာ ဦးဖိုးကျား ကွယ်လွန်တဲ့အခါ သူစုဆောင်းထားတဲ့ စာအုပ်အများအပြားဟာ
အထမ်းသည် ကုလားတွေဆီ ရောက်ကုန်ရောတဲ့-
သူက အဲဒီလိုဖြစ်မှာစိုးလို့ ဒီစာကြည့်တိုက် ကိုတည်ထောင်ခဲ့တာလို့ ပြောပါတယ်-
နာဂစ် ဖြစ်တုန်းက စာအုပ်တွေ ရေစိုပျက်စီးတာ နည်းနည်းရှိခဲ့ပေမဲ့-
အတော်များများက လွတ်ခဲ့ပါတယ်-
ဆရာ ပါရဂူရေးခဲ့တဲ့ စာအုပ် ၁၂၀ ကျော်ထဲက
ဘယ်စာအုပ်ကိုအကြိုက်ဆုံးလဲလို့ မေးတော့
ဒိဗျာ လို့ ပြောပါတယ်-
ကျမ ရှာပြီးဖတ်ကြည့်နေတုံးပါ-
စာကြည့်တိုက် ရဲ့ လိပ်စာကတော့-
အမှတ် ၉၈၈၊၉၉၀၊ ၁၆- ရပ်ကွက်၊ ဦးပုညလမ်း၊
ရွှေပေါက္ကံမြို့သစ်၊ ရန်ကုန်မြို့။ဖုန်း-၀၉-၈၀ ၂၃၉၇၄၊ ၀၁- ၆၉၅၆၆၂
e-mail; shanti @ mail4u.com.mm
(၂၄-၁၂-၂၀၀၉) ရက်နေ့မှာ ကျရောက်မဲ့
ပါရဂူ ရှန်တိနိကေတန် ( ငြိမ်းချမ်းရေးဗိမာန် ) ရဲ့
မွေးနေ့ မှာ
ကျမ မွေးနေ့လက်ဆောင်တစ်ခုပေးနိုင်ဖို့ကြိုးစားနေပါတယ်-
ကျမနဲ့အတူပါဝင်ဆင်နွှဲချင်တဲ့ သူငယ်ချင်းတွေကိုလည်း
ဖိတ်ခေါ်ပါတယ်နော်-
Saturday, May 16, 2009
ပါရဂူ ရှန်တိနိကေတန်သို့
Friday, May 1, 2009
Rose
များသောအားဖြင့်မိန်းကလေးတွေဟာ ပန်းကြိုက်တတ်ကြပါတယ်
ကျမကတော့ ပန်းကိုပန်ရတာထက် ဘုရားလှူဖို့နဲ့
အပင်မှာပွင့်နေတာကိုပဲကြည့်ရတာကို နှစ်သက်တတ်သူပါ။
ဘုရားပန်းဆိုရင်လည်း နှင်းဆီပန်းကိုပဲရွေးတင်တတ်ပါတယ်
နှင်းဆီပန်းတွေကို သဘောကျလွန်းလို့ စိုက်လည်းစိုက်ထားဖြစ်ပါတယ်
ဒီပုံလေးကတော့ အခင်းထဲကရတဲ့ နှင်းဆီ(၂)ထပ်ပွင့်လေးပါ
နှင်းဆီပွင့်ထဲမှာမှ နောက်ထပ်နှင်းဆီလေး(၁)ပွင့်ထပ်ပွင့်နေတာလေ
ရှားရှားပါးပါးတွေ့ရတာမျိုးထင်လို့ပါ
ရိုက်ထားတဲ့မူလပုံအတိုင်းရော
အမြင်ဆန်းအောင် တတ်သလောက်လက်စွမ်းပြထားတဲ့ပုံလေးရော
ကြည့်နိုင်ကြဖို့မျှဝေပေးလိုက်ပါတယ်

ဒုက္ခ နဲ့ ကိလေသာ
လွန်ခဲ့တဲ့တစ်ပါတ်လောက်က တရားတစ်စွန်းတစ်စကြားမိပါတယ်
အဲဒီကတည်းက Post တင်ဖို့ စာကြမ်းလည်းရေးထားဖြစ်တာပါ
အဲဒီတုန်းကတွေးရင်း သဘောကျမိတာတစ်ခုလည်းရှိသေးတယ်
တရား ဆိုတာနဲ့ ကျမကိုအမြဲအပြစ်တင်ချင်တဲ့
သူငယ်ချင်းတစ်ယောက်ကိုတောင် သတိရမိသွားတာ
သူက တရား ဆိုတဲ့အသံကိုကြားတာနဲ့ တီကိုဆားနဲ့တို့မိသလိုမျိုးလေ
ကျမက ကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ပါဘူး
စားလို့ကောင်းတာတွေစားရတဲ့အခါ ကိုယ်ချစ်တဲ့သူကိုကျွေးချင်သလိုမျိုး
အခုလည်း ဆင်ခြင်ကြည့်ရင်ကောင်းကျိုးရနိုင်တာမျိုးမို့
ကြားရတာကို ပြန်မျှဝေပေးချင်ရုံသက်သက်ပါ
ဆရာလုပ်တယ်လို့လည်း မယူဆစေလိုပါဘူး
လူသားတွေမှာကြုံတွေ့ရတာ ဒုက္ခ နဲ့ ကိလေသာ တဲ့
ဒုက္ခ ဆိုတာဆင်းရဲတာကိုပြောတာပါ
သာမန်ချို့တဲ့ဆင်းရဲမှုမျိုးကိုမဆိုလိုပါဘူး။
လူ၊သတ္တ၀ါတိုင်းရှောင်လွှဲလို့မရနိုင်တဲ့
အိုခြင်း၊နာခြင်း၊သေခြင်းဆင်းရဲတွေပါ
ဒီ ဒုက္ခတွေဟာရှောင်လွှဲလို့မရနိုင်ပါဘူးတဲ့။
ကိလေသာဟာလည်းလူသားတိုင်းမှာရှိတာပါပဲ
ဒါပေမယ့် ပူပန်စေတတ်၊နှိပ်စက်တတ်တဲ့ အဲဒီ ကိလေသာ ကိုတော့
လူတွေဟာ အသိ၊သတိ နဲ့ ရှောင်လွှဲလို့ရနိုင်ပါတယ်တဲ့။
“ဒါတော့ တို့လည်းသိပြီးသားပဲ” လို့ထင်ရင်လည်းရပေမယ့်
ဆင်ခြင်နှလုံးသွင်းနိုင်သလောက် ငြိမ်းချမ်းမှုကောင်းကျိုးကိုရစေနိုင်မှာမို့
ကျမကိုယ်တိုင်လည်း ကြိုးစားဆဲပါ၊ဆက်လည်းကြိုးစားနေမှာပါ
အားလုံးကိုလည်း ဆင်ခြင်ကြဖို့၊ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်
ပိတောက်ဝါ၀ါ အတွေးပြာပြာ
မြန်မာမှန်ရင်
သင်္ကြန်မှာရင်မခုန်ဖူးတဲ့သူရယ်လို့ရှိမယ်မထင်ပါဘူး
တစ်ယောက်တစ်မျိုးပေါ့
သင်္ကြန်ဖက်ရှင်အတွက်…
သင်္ကြန်သီချင်းတွေအတွက်…
သင်္ကြန်ရေအတွက်…
သင်္ကြန်မိုးကြောင့်ရတဲ့ မြေသင်းနံ့တွေအတွက်…
ပိတောက်ပန်းဝါ၀ါတွေအတွက်…
အုန်းလက်မဏ္ဍပ်တွေအတွက်…
ချစ်သူနဲ့လျှောက်လည်မယ့်ရေပက်ခံခရီးအတွက်…
ရင်ခုန်ဖူးကြတာပါပဲ
ဒီနှစ်တော့ ထူးထူးခြားခြားကိုပဲလေ
သင်္ကြန်ရုံးပိတ်ရက် အိမ်အပြန်ခရီးပေါ့
လမ်းကလည်း
ဘေးဝဲယာမှာပိတောက်ပင်တွေအများကြီးစိုက်ထားတဲ့လမ်း
အချိန်ကလည်း
ဦးဦးဖျားဖျားသင်္ကြန်းမိုးနဲ့ထိထားပြီးစအချိန်
တကယ်ကိုလှတဲ့မြင်ကွင်းပါ
ရွက်စိမ်းပျောက်သွားအောင်
အ၀ါရောင်တွေတစ်ပင်လုံးဝေနေတဲ့အထိပွင့်ပြီး
ပိတောက်နံ့ကလည်း တစ်လမ်းလုံးကိုမွှေးနေတော့တာပါပဲ
လူတွေကိုအရူးအမူးဖြစ်အောင်လုပ်တတ်တဲ့ ပိတောက်က
ပန်းတွေသိပ်မကြိုက်တဲ့သူတွေကိုတောင် ဖမ်းစားနိုင်တယ်လေ
မနက်ခင်းလေနုအေးမှာ ပိတောက်ပွင့်တွေကလှနေတဲ့အချိန်
လူတွေက အလုအယက်အမြတ်တနိုးနဲ့
ညနေကျတော့လမ်းပေါ်မှာကြွေကျပြီး ဖွေးဖွေးလှုပ်လို့
လူတွေက အဲဒီပိတောက်တွေပေါ်ကပဲနင်းသွားနေကြတာတွေ့ရတိုင်း
အပင်ပေါ်မှာကျန်တဲ့ တစ်ချို့တစ်ဝက်ပဲကင်းလွတ်ခွင့်ရတာပါလား လို့
တွေမိရင်း ကျမဆက်တွေးမိတဲ့အတွေးကတော့
မိန်းမတွေဟာ ပိတောက်ပန်းနဲ့တူသလိုပဲ
ယောင်္ကျားတွေဟာ ပန်းခူးသူတွေနဲ့တူတာပေါ့
လိုချင်တဲ့အချိန်တုန်းကတော့ မရရင်ပဲသေတော့မလိုမျိုး
သူတို့လိုချင်တာရပြီးသွားတော့လည်း ဂရုစိုက်ဖို့တာဝန်မရှိတော့သလိုမျိုးလေ
အိမ်ထောင်သည်မိန်းမတွေ မိခင်တွေ ပေးဆပ်ခဲ့ရတဲ့
မိန်းမ တစ်ယောက်ရဲ့ တာဝန်တွေ-
ဝတ္တရားတွေ-
ပေးဆပ်ရတာတွေ-
ဝမ်းနည်းမှုတွေ-
မျက်ရည်တွေ-
သတ္တိတွေ-
ခွန်အားတွေ-
ချစ်ခြင်းမေတ္တာတွေ-
နာကျင်မှုတွေ-
အများကြီးပဲဖြစ်မယ်ထင်တယ်
အိမ်ထောင်သည် မိခင်တစ်ယောက်ရဲ့-
အခန်းကဏ္ဍအတွက် စွန့်စားခဲ့ကြတဲ့ မိန်းမတွေကို ကြည့်ပြီး-
သိပ်သတ္တိရှိတာပဲလို့လည်း ယူဆမိပါတယ်-
အပေါ်ကစကားကိုပဲပြန်ဆက်ရမယ်ဆိုရင်ပေါ့
ပိတောက်ပန်းကိုရဖို့အတွက် အရူးအမူးဖြစ်တုန်းကဖြစ်ခဲ့ပြီး
ရပြီးသွားတော့လည်း
ဂရုစိုက်ရကောင်းမှန်းတောင်မသိတော့တဲ့ လူတွေရှိသလို
ရထားတဲ့ပိတောက်ပွင့်တွေကိုပဲ
ခြောက်သွားတောင်မှ တယုတယဆက်ပြီးသိမ်းသွားမယ့်လူမျိုးလည်း
ရှိတော့ရှိမှာပါ…ဒါပေမယ့် ရှားလိမ့်မယ်လို့ထင်တယ်
အဲဒါကြောင့် သင်္ကြန်ရောက်တိုင်း ပိတောက်ဝါ၀ါတွေကိုကြည့်ပြီး
တွေးမိတတ်တဲ့ အတွေးပြာပြာအကြောင်းကိုပြောပြဖြစ်တာပါ
ဘယ်သူတွေကိုမှလည်းရည်ရွယ်တာမျိုးမဟုတ်ပါဘူး
ဒါကတော့ကျမကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပါ
နှစ်သစ်လက်ဆောင်ထည့်ပေးလိုက်ပါတယ်
နှစ်သစ်မှာ ပိတောက်ဝါ၀ါတွေနဲ့အတူ ပျော်ရွှင်နိုင်ကြပါစေလို့...
Tuesday, April 21, 2009
၂၀၀၉ ရဲ့ ပထမဆုံး ခရီး

မတ်လရဲ့အပူရှိန်ကိုခဏလောက်ရှောင်ချင်တာနဲ့
မေမြို့ကိုခရီးထွက်ဖြစ်ပါတယ်-
၂၀၀၉ ရဲ့ ပထမဆုံးခရီးစဉ်ပေါ့-
ရာသီဥတုကအေးနေပြီး အရမ်းနေလို့ကောင်းပါတယ်-
ဇီးပင်ကြီး(မေမြို့အနီး)က သူငယ်ချင်းဆီမှာအိပ်ပြီး
မနက်စောစော
မေမြို့ကို ကားနဲ့စတက်ဖြစ်ကြပါတယ်-
၆ထပ်ကွေ့ကို ကားနဲ့တက်ရတာကိုက
တောင်ပေါ်လမ်းဆိုတော့လေ
အမြင်ဆန်းပြီး စိတ်ကိုလန်းဆန်းနေပါတယ်-
ပထမဆုံးသွားဖြစ်တာက ပိတ်ချင်းမြောင်ဂူကိုပါ။
၂၀၀၃ မှာရောက်ခဲ့တုန်းက အခုလို ဂူအတွင်းမှာ
ကျယ်ကျယ်ပြန့်ပြန့်မသွားနိုင်သေးတာကို မှတ်မိနေပါတယ်။
ဂူထဲမှာရေတွေက ခေါင်းပေါ်ကိုလည်းကျ
လမ်းတစ်လျှောက် ဘေးမှာလည်း
တဝေါဝေါနဲ့ ရေတွေစီးဆင်းနေတာကို
မြင်ရတာ ပျော်စရာပါပဲ-
နည်းနည်းမြင့်လာတော့ ကြမ်းပြင်ကချွဲကျိကျိလို့ခံစားရပြီး
အသက်ရှူရတာမ၀သလိုပဲ-
စိတ်ကြောင့်ထင်ပါရဲ့လေ-
ဂူထဲကပြန်ထွက်ခါနီးမှာ ကျောက်တုံးတွေကိုကောက်ပြီး
စေတီတည်ကြပါသေးတယ်-
ပိတ်ချင်းမြောင်မှာရှိတဲ့ ရေတွေက ဆေးဖက်ဝင်တယ်လို့
လူ အတော်များများက ယုံကြည်ကြပါတယ်-
ဂူထဲကထွက်ပြီး ရေတံခွန်ဆီသွားတဲ့လမ်းမှာ
ရေမစိုနိုင်တဲ့လမ်းတွေရှိပေမယ့်
ကျောက်တုံးတွေပေါ်နင်းပြီး ခြေကျင်းဝတ်လောက်စိုနေတဲ့ ရေကို
ဖြတ်လျှောက်ရတာကလည်း အရသာတစ်မျိုးပါပဲ-
ရေတံခွန်ဆီကိုခက်ခက်ခဲခဲသွား ဓါတ်ပုံတွေရိုက်
အဲဒီကပြန်ထွက်ပြီး
လမ်းဘေးမှာဖွင့်ထားတဲ့ “ဒီဇင်ဘာ”စတော်ဘယ်ရီခြံကိုဝင်
စတော်ဘယ်ရီဖျော်ရည်နဲ့နွားနို့ဝင်သောက်ရတာကလည်း
ပျော်စရာကောင်းပါတယ်-
စတော်ဘယ်ရီခြံထဲထိကိုယ်တိုင်ဆင်းပြီး ကိုယ်တိုင်ခူးနိုင်လို့ပေါ့-
စတော်ဘယ်ရီခြင်းတွေ လက်ဆောင်ပေးဖို့ဝယ်ရင်း
ကျမရိုက်ခဲ့တဲ့ဓါတ်ပုံတစ်ချို့လည်းမျှဝေလိုက်ပါတယ်-
အဲဒီကမှ “မဟာအံ့ထူးကံသာ”ဘုရားဖူးဖို့သွားကြတာ
ဘုရား ဆင်းတုတော်က ကြည်ညိုစရာကောင်းပြီး
ကုန်းမြင့်မြင့်မှာကြည်နူးဖို့လည်း ကောင်းပါတယ်။
အဲဒီကမှ ပွေးကောက်ရေတံခွန်(BE Fall)ကိုဝင်
ရေချိုးလို့ရပေမယ့်
မချိုးကြဘဲရေထဲဆင်း
ရေတံခွန်အနှံ့လျှောက်သွားပြီးမှ
လက်ဆောင်ပစ္စည်းတွေလောဘတကြီးနဲ့ဝယ်
စတော်ဘယ်ရီယိုဗူး-
ပျားရည်နဲ့စိမ်ထားတဲ့မက်မန်းသီးတွေ-
စတော်ဘယ်ရီခြင်းတွေ…ခြင်းတွေ…
အဲဒီကထွက်တော့ဗိုက်ဆာနေကြပြီ-
အဲဒါနဲ့ ရုက္ခဗေဒဥယျာဉ်ကိုသွားပြီး ပျော်ပွဲစားကြတာပေါ့။
ထည့်လာတဲ့စားစရာတွေအစုံအလင်နဲ့
၁၂ နာရီမွန်းတည့်နေ ဆိုပေမယ့် အပူရှိန်ကိုမခံစားရဘဲ
လေတဖြူးဖြူးနဲ့အေးနေတာက သဘောကျချင်စရာပါ။
ငါးတွေကိုလည်း အစာကျွေးဖြစ်ကြတယ်။
ပန်းပင်တွေလျှောက်ကြည့်
ဓါတ်ပုံရိုက် စကြနောက်ကြနဲ့
ငှက်ရုံထဲဝင်ကြည့်ရတာလည်း
နီးနီးကပ်ကပ်မြင်ရတော့ တစ်မျိုးလေးပေါ့
စိတ်ဝင်စားစရာကောင်းနေပြန်ရော။
ပန်းတွေကလည်းလှလိုက်တာ အမျိုးကိုစုံနေတာပဲ-
ဆက်သွားဖြစ်တဲ့နေရာကတော့ ဘုံကျောင်း ကိုပါ-
ဓါတ်ပုံရိုက်လို့လှတဲ့နေရာလေးတစ်ခုကိုထည့်ပေးလိုက်ပါတယ်။
နောက်ဆုံးရောက်တဲ့နေရာကတော့ “နှီးဘုရား”ကိုဝင်ဖူးဖြစ်တာပါ-
ဘုရားကိုနှီးတွေနဲ့ပဲ ယက်လုပ်ပူဇော်ထားတာပါ-
သိကြားမင်းရဲ့လက်ဆောင်လို့ဆိုပါတယ်-
ကျမတို့ဖူးခဲ့ရတာကတော့ ရွှေချထားပြီးဆင်းတုတော်ပါ-
ရွှေမချရသေးခင်ကမှတ်တမ်းတင်ဓါတ်ပုံကိုလည်း
ကျမ ဓါတ်ပုံထပ်ရိုက်ခဲ့ပါတယ်-
နှီးတွေ ကို အသားပေး ရိုက်မိလို့
ကြည်ညိုဖွယ်အသွင် မဆောင်ဘူးဆိုခဲ့ရင်တော့-
ကျမအပြစ်ပါပဲ-
ကင်မရာက ကျမလက်ထဲမှာဆိုတော့
ဓါတ်ပုံတွေထဲမှာ ကျမ မပါတာကများပါတယ်-
ရှုခင်းတွေကပိုလှတော့ ကျေနပ်ကြမယ်လို့ထင်ပါတယ်-
ကျမရဲ့ရောက်တတ်ရာရာတွေရေးထားတဲ့ Blog လေးကို
ဝင်ကြည့်တဲ့သူအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်-
ဒီ ခရီးစဉ် ရဲ့ ကျမ အကြိုက်ဆုံး ပုံလေးတစ်ခုကို ထည့်ပေးလိုက်ပါတယ်-
ဘာလေးလဲ လို့ နည်းနည်းလောက်မှန်းဆပေးကြပါဦး-
နောင်ကိုလည်း ကျမရဲ့ခရီးစဉ်တွေမှာခေါ်သွားပေးမယ်လေ နော်။
(၂၈-၃-၂၀၀၉ ခရီး အမှတ်တရ)









