ပါရဂူ ရှန်တိနိကေတန်သို့ တစ်ခေါက် (၁၈-၄-၂၀၀၉)
ဘာသာပြန်စာအုပ်တွေ အများကြီးရေးတဲ့ မြန်မာစာရေးဆရာ
ပါရဂူ ရဲ့ စာကြည့်တိုက်ကို သွားဖို့စိတ်ကူးနေတာတော့ ကြာပါပြီ-
အကြောင်းမတိုက်ဆိုင်တော့လည်း နီးရက်နဲ့ဝေး နေလိုက်တာ-
ရောက်မဲ့ ရောက်တော့လည်း ပိတ်ထားတဲ့ ရက်မှာကို
စိတ်ကြိုက် လေ့လာခွင့်ရတာ-
စာအုပ်ချစ်တတ်တဲ့ သူတွေအတွက် ကျမ ပေးနိုင်မဲ့လက်ဆောင်
မြန်မာနိုင်ငံ ရဲ့ စာအုပ်တွေ အများဆုံး၊ဘာသာအများဆုံး
ရှားပါးစာအုပ်တွေ အစုံလင်ဆုံး ကို လေ့လာနိုင်မဲ့ နေရာလေးတစ်ခုပါ-
INTERNET ပေါ်မှာ လိုချင်တာအကုန်ရနိုင်တယ်ဆိုပေမဲ့-
မီးမလာရင် ရှာမရနိုင်တာ၊ (၂၄) နာရီ INTERNET သုံးခွင့်မရနိုင်တာတွေကြောင့်
စာအုပ်တွေကိုတော့ ခုချိန်ထိဖက်တွယ်နေကြရဆဲ မဟုတ်လား-
စာကြည့်တိုက်နာမည်က နည်းနည်းဆန်းပါတယ်-
ပါရဂူ ရှန်တိနိကေတန် ပါ-
ဆရာ ပါရဂူနဲ့ စကားတွေ အများကြီးပြောခွင့်ရခဲ့ပါတယ်-
စာကြည့်တိုက် ရဲ့ သမိုင်း ကိုအရင်ဆုံးပြောပြပါတယ်-
စာကြည့်တိုက် လုပ်တော့မယ်ဆိုတော့
နာမည်ကိုစဉ်းစားတာ(၃)ရက်လောက်ကြာပါတယ်တဲ့-
နောက်တော့
ရာဘင်တရာ နတ်တဂိုးရဲ့ တက္ကသိုလ် နာမည်ကိုပေးဖြစ်ခဲ့တာလို့-
ပြောပြပါတယ်-
မြန်မာလို ဆိုရင် ငြိမ်းချမ်းရေးဗိမာန် လို့ အဓိပ္ပါယ်ရပါတယ်-
စာကြည့်တိုက်လေးက တိတ်တိတ်ဆိတ်ဆိတ် နဲ့
တကယ်ပဲ ပန်းရနံ့တွေ မွှေးပျံ့နေတဲ့ ပန်းခင်းထဲ ရောက်သွားရသလို
ကျမ ခံစားရတော့ နာမည်နဲ့ လိုက်ဖက်တယ်လို့ ထင်မိတယ်လေ-
သူ့ကို (၂၄-၁၂-၂၀၀၅) ရက်နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်-
အခုဆိုရင် စာအုပ်ပေါင်း (၄၀၀၀၀) ကျော်နေပါပြီ-
စာအုပ်တွေကတော့
မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ ဟိန္ဒီ၊ ဆန်းဆကရစ်၊ ဂျပန်၊ သီရိလင်္ကာဘာသာနဲ့
ရေးထားတဲ့ စာအုပ်တွေပါ-
စာကြည့်တိုက် ကြီးတွေရဲ့ စည်းကမ်းအတိုင်း စာဖတ်ချင်တဲ့ သူတွေ
ကိုယ်တိုင်ကိုယ်ကျ စာကြည့်တိုက်ကိုလာပြီး လေ့လာရမှာဖြစ်ပါတယ်-
စာကြည့်တိုက် ကို တနင်္ဂနွေနေ့ နဲ့ တနင်္လာနေ့ မှ အပ
နေ့စဉ် နံနက် (၀၉း၀၀) နာရီ မှ (၁၆း၃၀) နာရီ အထိ
ဖွင့်လှစ်ထားပါတယ်-
စာကြည့်တိုက် ကို
ဆရာပါရဂူ ရဲ့ ချွေးနှဲစာစုဆောင်းငွေတွေ၊ကိုယ်ပိုင်စာအုပ်တွေ၊
ပြည်သူလူထုတွေရဲ့ ပံ့ပိုးမှုတွေ နဲ့ တည်ထောင်ထားတာဖြစ်ပါတယ်-
စာကြည့်တိုက် ၀န်ထမ်းတွေ လည်းရှိနေတော့
ဘယ်လိုရပ်တည်သလဲဆိုတာကလည်း
စိတ်ဝင်စားစရာကောင်းပါတယ်-
ဝင်ကြေးမကောက်တော့ ရစရာဝင်ငွေလည်းမရှိဘူးလေ-
ဘယ်၊ ညာ မယိမ်းဘဲ ကြိုးတန်းပေါ်လမ်းလျှောက်တဲ့
ပေါ်လစီကိုပဲ ကျင့်သုံးပါတယ်တဲ့-
ဘယ်သူ့ကိုမှ အားကိုးမနေပဲ
ဆရာ ပါရဂူ ရဲ့ စာရေးလို့ ရတဲ့ ၀င်ငွေတစ်ခုတည်းနဲ့ တဲ့-
တစ်ခါတစ်ရံ လာလှူတဲ့ငွေ နည်းနည်းပါးပါးနဲ့တဲ့-
ကျမ နည်းနည်းတော့ စိုးရိမ်သွားပါတယ်-
စာကြည့်တိုက်လေး ကိုတော့ အသက်ရှည်ရှည်ရှိနေစေချင်တာပါ-
တကယ်တော့-
စာကြည့်တိုက်လေး-
မဟုတ်ပါဘူး-
စာကြည့်တိုက်ကြီးပါ-
စဖွင့်ကတည်းက
မြန်မာနိုင်ငံ ရဲ့ စာကြည့်တိုက်ကြီး
တစ်ခုဖြစ်မြောက်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာပါ-
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့
ဆရာ ပါရဂူကို
ဧရာဝတိုင်း၊ ဟင်္သာတမြို့နယ် သနွံသနော့ ကျေးရွာမှာ
ဦးဘစော၊ ဒေါ်မေတုတ် တို့မှ
၁၂၈၃ခု၊ တန်ဆောင်မုန်းလဆန်း ၁၁ရက် နေ့မှာမွေးဖွားခဲ့ပါတယ်-
အမည်ရင်းက ဦးလှကြိုင် ဖြစ်ပါတယ်-
(၁၁) နှစ်မှာ ကိုရင်ဝတ်ခဲ့ပြီး ပထမငယ်-လတ်-ကြီး
နဲ့ အစိုးရ စာချတန်း (ဂုဏ်ထူးတန်း) အောင်မြင်ခဲ့ပါတယ်-
၁၉၄၇ ခုနှစ် မှ ၁၉၅၂ ခုနှစ်အထိ
အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ ဟိန္ဒီတက္ကသိုလ်မှာ ပညာသင်ယူခဲ့ပါတယ်-
၁၉၃၉ ခုနှစ် မှစပြီး စာတွေ ရေးခဲ့ပါတယ်-
၁၉၅၄ ခုနှစ် မှာ လူဝတ်လဲခဲ့ပါတယ်-
ဌာန၊ အဖွဲ့အစည်း (၉) ခုလောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး
စာပေ ဆိုင်ရာ ဆုတံဆိပ် (၅)ခု ရရှိခဲ့ပါတယ်-
ဆရာ ပါရဂူ ဟာ သူ့အကြောင်းရေးမှာထက်
သူ့ စာကြည့်တိုက် အကြောင်းကိုသာ ရေးပါလို့ ပြောတာမို့
အသေးစိတ် မရေးပဲ ချန်ထားခဲ့ပါတယ်- ဆရာ ပါရဂူ ဟာ
ပကာသနတွေ မရှိပဲ ရိုးရိုး ရှင်းရှင်းနေထိုင်တာတွေ့ရပါတယ်-
အသက်(၈၈)နှစ်ရှိနေပြီဖြစ်တဲ့ ဆရာပါရဂူ ဟာ ကျန်းကျန်းမာမာနဲ့
ငယ်ငယ်က အကြောင်းအရာတွေကိုလည်း မှတ်မိနေတာတွေ့ရပါတယ်-
ကျမနဲ့ (၄)နာရီကြာအောင် စကားပြောဖြစ်ပါတယ်-
ကျမကို မျက်မှန် မပါဘဲ စာဖတ်ပြပါသေးတယ်-
ကျမ ကို ဖတ်ခိုင်းတာမဟုတ်ပါဘူး-သူ က ဖတ်ပြတာပါ-
စိတ္တရလေခါ ရဲ့ အမှာ၊ ပိတောက်ဖီလော်ဆှိုဖီ၊
ဧရာဝတီတိုင်း မှာ ကျမလည်းနေဖူးတယ်ဆိုတော့
(ဘ၀ခရီးသည် စာအုပ်ထဲက)
ဧရာဝတိုင်း ထဲကမြို့လေးတစ်မြို့ အကြောင်း-
ကျမ ကဓာတ်ပုံရိုက်တော့ အိမ်နေရင်းပုံနဲ့မို့ မရိုက်ပါနဲ့လို့ ပြောပါတယ်-
(မီးမဖွင့်ပဲ ခိုးရိုက်လာတဲ့ ပုံကိုတော့ ခွင့်ပြုချက်ရမှပဲ တင်ပေးပါဦးမယ်- )
ဆရာပါရဂူ က ကျမ သိသင့်တယ် ထင်တာတွေ ပြောပြပြီး
သိချင်တာရှိရင်မေးပါလို့ ပြောပါတယ်-
အကြောင်းအရာတွေက စုံသလောက်ရှိနေတာမို့-
အရင်ဆုံး ဘာဖြစ်လို့ ဘုန်းကြီး လူထွက်လိုက်တာလဲလို့ မေးဖြစ်ပါတယ်-
စ၀တ်ကတည်းက ပညာသင်ဖို့ အားသန်ခဲ့ပြီး
စာရေးဆရာ လုပ်ချင်လာတဲ့ အခါ
လူအဖြစ်နဲ့က ပိုလွတ်လပ်လွယ်ကူမယ်ထင်လို့ပါတဲ့-
ခုချိန်ထိ တစ်ယောက်တည်းနေနေတာမို့-
ငယ်ငယ်တုံးက သဘောကျခဲ့တဲ့ အမျိုးသမီးမရှိခဲ့ဘူးလား ဆိုတော့-
ရှိတာပေါ့ -အများကြီးပါပဲတဲ့လေ-
ဒီလိုပဲ သဘောကျရုံ ကျခဲ့တာတဲ့လေ-
တစ်ယောက်တည်းနေခဲ့လို့သာ ဒီစာကြည့်တိုက်ဖွင့်နိုင်ခဲ့တာလို့ဆိုပါတယ်-
ဆရာ ဦးဖိုးကျား ကွယ်လွန်တဲ့အခါ သူစုဆောင်းထားတဲ့ စာအုပ်အများအပြားဟာ
အထမ်းသည် ကုလားတွေဆီ ရောက်ကုန်ရောတဲ့-
သူက အဲဒီလိုဖြစ်မှာစိုးလို့ ဒီစာကြည့်တိုက် ကိုတည်ထောင်ခဲ့တာလို့ ပြောပါတယ်-
နာဂစ် ဖြစ်တုန်းက စာအုပ်တွေ ရေစိုပျက်စီးတာ နည်းနည်းရှိခဲ့ပေမဲ့-
အတော်များများက လွတ်ခဲ့ပါတယ်-
ဆရာ ပါရဂူရေးခဲ့တဲ့ စာအုပ် ၁၂၀ ကျော်ထဲက
ဘယ်စာအုပ်ကိုအကြိုက်ဆုံးလဲလို့ မေးတော့
ဒိဗျာ လို့ ပြောပါတယ်-
ကျမ ရှာပြီးဖတ်ကြည့်နေတုံးပါ-
စာကြည့်တိုက် ရဲ့ လိပ်စာကတော့-
အမှတ် ၉၈၈၊၉၉၀၊ ၁၆- ရပ်ကွက်၊ ဦးပုညလမ်း၊
ရွှေပေါက္ကံမြို့သစ်၊ ရန်ကုန်မြို့။ဖုန်း-၀၉-၈၀ ၂၃၉၇၄၊ ၀၁- ၆၉၅၆၆၂
e-mail; shanti @ mail4u.com.mm
(၂၄-၁၂-၂၀၀၉) ရက်နေ့မှာ ကျရောက်မဲ့
ပါရဂူ ရှန်တိနိကေတန် ( ငြိမ်းချမ်းရေးဗိမာန် ) ရဲ့
မွေးနေ့ မှာ
ကျမ မွေးနေ့လက်ဆောင်တစ်ခုပေးနိုင်ဖို့ကြိုးစားနေပါတယ်-
ကျမနဲ့အတူပါဝင်ဆင်နွှဲချင်တဲ့ သူငယ်ချင်းတွေကိုလည်း
ဖိတ်ခေါ်ပါတယ်နော်-
Saturday, May 16, 2009
ပါရဂူ ရှန်တိနိကေတန်သို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment