၂၀၀၉ ရဲ့ ပထမဆုံး ခရီး

မတ်လရဲ့အပူရှိန်ကိုခဏလောက်ရှောင်ချင်တာနဲ့
မေမြို့ကိုခရီးထွက်ဖြစ်ပါတယ်-
၂၀၀၉ ရဲ့ ပထမဆုံးခရီးစဉ်ပေါ့-
ရာသီဥတုကအေးနေပြီး အရမ်းနေလို့ကောင်းပါတယ်-
ဇီးပင်ကြီး(မေမြို့အနီး)က သူငယ်ချင်းဆီမှာအိပ်ပြီး
မနက်စောစော
မေမြို့ကို ကားနဲ့စတက်ဖြစ်ကြပါတယ်-
၆ထပ်ကွေ့ကို ကားနဲ့တက်ရတာကိုက
တောင်ပေါ်လမ်းဆိုတော့လေ
အမြင်ဆန်းပြီး စိတ်ကိုလန်းဆန်းနေပါတယ်-
ပထမဆုံးသွားဖြစ်တာက ပိတ်ချင်းမြောင်ဂူကိုပါ။
၂၀၀၃ မှာရောက်ခဲ့တုန်းက အခုလို ဂူအတွင်းမှာ
ကျယ်ကျယ်ပြန့်ပြန့်မသွားနိုင်သေးတာကို မှတ်မိနေပါတယ်။
ဂူထဲမှာရေတွေက ခေါင်းပေါ်ကိုလည်းကျ
လမ်းတစ်လျှောက် ဘေးမှာလည်း
တဝေါဝေါနဲ့ ရေတွေစီးဆင်းနေတာကို
မြင်ရတာ ပျော်စရာပါပဲ-
နည်းနည်းမြင့်လာတော့ ကြမ်းပြင်ကချွဲကျိကျိလို့ခံစားရပြီး
အသက်ရှူရတာမ၀သလိုပဲ-
စိတ်ကြောင့်ထင်ပါရဲ့လေ-
ဂူထဲကပြန်ထွက်ခါနီးမှာ ကျောက်တုံးတွေကိုကောက်ပြီး
စေတီတည်ကြပါသေးတယ်-
ပိတ်ချင်းမြောင်မှာရှိတဲ့ ရေတွေက ဆေးဖက်ဝင်တယ်လို့
လူ အတော်များများက ယုံကြည်ကြပါတယ်-
ဂူထဲကထွက်ပြီး ရေတံခွန်ဆီသွားတဲ့လမ်းမှာ
ရေမစိုနိုင်တဲ့လမ်းတွေရှိပေမယ့်
ကျောက်တုံးတွေပေါ်နင်းပြီး ခြေကျင်းဝတ်လောက်စိုနေတဲ့ ရေကို
ဖြတ်လျှောက်ရတာကလည်း အရသာတစ်မျိုးပါပဲ-
ရေတံခွန်ဆီကိုခက်ခက်ခဲခဲသွား ဓါတ်ပုံတွေရိုက်
အဲဒီကပြန်ထွက်ပြီး
လမ်းဘေးမှာဖွင့်ထားတဲ့ “ဒီဇင်ဘာ”စတော်ဘယ်ရီခြံကိုဝင်
စတော်ဘယ်ရီဖျော်ရည်နဲ့နွားနို့ဝင်သောက်ရတာကလည်း
ပျော်စရာကောင်းပါတယ်-
စတော်ဘယ်ရီခြံထဲထိကိုယ်တိုင်ဆင်းပြီး ကိုယ်တိုင်ခူးနိုင်လို့ပေါ့-
စတော်ဘယ်ရီခြင်းတွေ လက်ဆောင်ပေးဖို့ဝယ်ရင်း
ကျမရိုက်ခဲ့တဲ့ဓါတ်ပုံတစ်ချို့လည်းမျှဝေလိုက်ပါတယ်-
အဲဒီကမှ “မဟာအံ့ထူးကံသာ”ဘုရားဖူးဖို့သွားကြတာ
ဘုရား ဆင်းတုတော်က ကြည်ညိုစရာကောင်းပြီး
ကုန်းမြင့်မြင့်မှာကြည်နူးဖို့လည်း ကောင်းပါတယ်။
အဲဒီကမှ ပွေးကောက်ရေတံခွန်(BE Fall)ကိုဝင်
ရေချိုးလို့ရပေမယ့်
မချိုးကြဘဲရေထဲဆင်း
ရေတံခွန်အနှံ့လျှောက်သွားပြီးမှ
လက်ဆောင်ပစ္စည်းတွေလောဘတကြီးနဲ့ဝယ်
စတော်ဘယ်ရီယိုဗူး-
ပျားရည်နဲ့စိမ်ထားတဲ့မက်မန်းသီးတွေ-
စတော်ဘယ်ရီခြင်းတွေ…ခြင်းတွေ…
အဲဒီကထွက်တော့ဗိုက်ဆာနေကြပြီ-
အဲဒါနဲ့ ရုက္ခဗေဒဥယျာဉ်ကိုသွားပြီး ပျော်ပွဲစားကြတာပေါ့။
ထည့်လာတဲ့စားစရာတွေအစုံအလင်နဲ့
၁၂ နာရီမွန်းတည့်နေ ဆိုပေမယ့် အပူရှိန်ကိုမခံစားရဘဲ
လေတဖြူးဖြူးနဲ့အေးနေတာက သဘောကျချင်စရာပါ။
ငါးတွေကိုလည်း အစာကျွေးဖြစ်ကြတယ်။
ပန်းပင်တွေလျှောက်ကြည့်
ဓါတ်ပုံရိုက် စကြနောက်ကြနဲ့
ငှက်ရုံထဲဝင်ကြည့်ရတာလည်း
နီးနီးကပ်ကပ်မြင်ရတော့ တစ်မျိုးလေးပေါ့
စိတ်ဝင်စားစရာကောင်းနေပြန်ရော။
ပန်းတွေကလည်းလှလိုက်တာ အမျိုးကိုစုံနေတာပဲ-
ဆက်သွားဖြစ်တဲ့နေရာကတော့ ဘုံကျောင်း ကိုပါ-
ဓါတ်ပုံရိုက်လို့လှတဲ့နေရာလေးတစ်ခုကိုထည့်ပေးလိုက်ပါတယ်။
နောက်ဆုံးရောက်တဲ့နေရာကတော့ “နှီးဘုရား”ကိုဝင်ဖူးဖြစ်တာပါ-
ဘုရားကိုနှီးတွေနဲ့ပဲ ယက်လုပ်ပူဇော်ထားတာပါ-
သိကြားမင်းရဲ့လက်ဆောင်လို့ဆိုပါတယ်-
ကျမတို့ဖူးခဲ့ရတာကတော့ ရွှေချထားပြီးဆင်းတုတော်ပါ-
ရွှေမချရသေးခင်ကမှတ်တမ်းတင်ဓါတ်ပုံကိုလည်း
ကျမ ဓါတ်ပုံထပ်ရိုက်ခဲ့ပါတယ်-
နှီးတွေ ကို အသားပေး ရိုက်မိလို့
ကြည်ညိုဖွယ်အသွင် မဆောင်ဘူးဆိုခဲ့ရင်တော့-
ကျမအပြစ်ပါပဲ-
ကင်မရာက ကျမလက်ထဲမှာဆိုတော့
ဓါတ်ပုံတွေထဲမှာ ကျမ မပါတာကများပါတယ်-
ရှုခင်းတွေကပိုလှတော့ ကျေနပ်ကြမယ်လို့ထင်ပါတယ်-
ကျမရဲ့ရောက်တတ်ရာရာတွေရေးထားတဲ့ Blog လေးကို
ဝင်ကြည့်တဲ့သူအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်-
ဒီ ခရီးစဉ် ရဲ့ ကျမ အကြိုက်ဆုံး ပုံလေးတစ်ခုကို ထည့်ပေးလိုက်ပါတယ်-
ဘာလေးလဲ လို့ နည်းနည်းလောက်မှန်းဆပေးကြပါဦး-
နောင်ကိုလည်း ကျမရဲ့ခရီးစဉ်တွေမှာခေါ်သွားပေးမယ်လေ နော်။
(၂၈-၃-၂၀၀၉ ခရီး အမှတ်တရ)



