Sunday, October 5, 2008

ပုဂံ ရဲ့ ထုထည်အကြီးဆုံး ဓမ္မာရံကြီး ဘုရား

ပုဂံ မှာစာဆိုရှိပါတယ်-

ပုဂံ ရာဇ၀င် ကို တုတ်ထမ်းပြီးငြင်းရတယ် ဆိုတာလေ-

ကျမ သိခဲ့ ရတာတွေကို မျှဝေချင်ရုံသက်သက်ပါနော်-

အမှန်တွေ -

ယုံရမယ်လို့ မဆိုလိုပါဘူး-

ဘာဖြစ်လို့လဲ ဆိုတော့ ပြန်ရောက်ရောက်ချင်း ရာဇ၀င်တွေ ပြောပြတော့-

ကျမကို သူများပြောတိုင်း ယုံရသလားဆိုပြီး -

ပြောတာခံရလို့လေ-

-----

ထု -မှာ ဓမ္မာရံ-

အနုမှာ- အာနန္ဒာ-

အမြင့်မှာ-သဗ္ဗုညု

တန်ခိုးမှာ- ရွှေစည်းခုံ-

လို့ အဆိုရှိပါတယ်-

-----

ပုဂံ ရဲ့ ထုထည်အကြီးဆုံးဘုရားက ဓမ္မာရံကြီး ဘုရားပါ-

အပ်ထိုးလို့တောင် မရအောင် လက်ရာကောင်းလှပါတယ်-

တည်ထားခဲ့တဲ့ မင်းဟာ အင်မတန် ဒေါသကြီးပြီး-ခက်ထန်တယ်လို့ဆိုပါတယ်-

ဖခင် နဲ့ အစ်ကို ကိုသတ်ပြီး ထီးနန်းကို ရယူခဲ့တာပါ-

အပြစ်တွေ သက်သာလိုသက်သာငြား ဒီဘုရားကိုတည်ခဲ့ပြီး-

ဘုရားတည်တဲ့ ပန်းရံဆရာပေါင်းများစွာကို သူစိတ်တိုင်းမကျတိုင်း-

ကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်-

ပန်းရံဆရာ တွေရဲ့ လက်တွေကိုတင်ပြီး ဖြတ်တဲ့ ကျောက်တုံးကြီးကို -

အဲဒီအထဲမှာ တွေ့နိုင်ပါတယ်-

နောက်ဆုံးတော့ ဘုရားတည်မဲ့ ပန်းရံဆရာတွေ မရှိတော့လို့ -

သူ့ ရဲ့ပညာရှိ အမတ်ကြီးက ပြီးအောင်တည်ပါ့မယ်လို့ တာဝန်ယူလိုက်ပြီး-

ဘုရင် ကို ပညာပေးဖို့ပါ ဆုံးဖြတ်ခဲ့ပါတယ်-

ဘုရင်တွေဟာ ရာဇအိနြေ္ဒပျက်မှာစိုးလို့ ခေါင်းငုံ့တာတို့- မော့ကြည့်တာတို့ မလုပ်ရတာကို-

(ဘုရင် ရဲ့ အဆင်တန်ဆာတွေ ပြုတ်ကျမှာစိုးလို့ ထင်ပါရဲ့-)

သိတဲ့ ပညာရှိအမတ်ကြီးဟာ ဘုရင်မြင်နိုင်တဲ့ နေရာကိုသာ အပ်ထိုးလို့ မရအောင်လုပ်ပြီး-

ခေါင်းပေါ်မှာတော့ လက်တစ်ချောင်းလောက် ထိုးလို့ ရအောင်တည်ခဲ့တာကို-

တွေ့ခဲ့ရပါတယ်-

ဘုရားတည်နေတဲ့အချိန်မှာပဲ ဘုရင်ဟာ ကုလားပြည်ကိုစစ်ချီပါတယ်-

စစ်အောင်လို့ပြန်လာတော့ ကုလားမတစ်ယောက်ကို မိဖုရားအဖြစ်လက်ဆောင်ရခဲ့ပါသတဲ့-

ဘုရင်ပြန်လာတဲ့ အချိန်မှာ ဘုရားတည်တာ မပြီးသေးပဲ-

(ပညာရှိဟာ ဘုရားတည်ပြီးရင် သူ့ကို ကွပ်မျက်မှာ သိနေတာမို့ ပြီးအောင်မတည်ပဲ-

ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်-)

ပညာရှိ အမတ်လည်းမရှိတော့တာကိုတွေ့ရတော့ ဘုရင်ဟာဒေါသထွက်တာပေါ့-

အဲဒီ အချိန်မှာ မိဖုရားအသစ်စက်စက်က ပုဂံပြည်ကြီးဟာ သိပ်ပြီးညစ်ပတ်တာပဲလို့ -ပြောမိပါသတဲ့-

ဘုရင့်ဒေါသတွေဟာ သူမဆီရောက်သွားပြီး သူမကို သတ်လိုက်ပါသတဲ့-

ဘုရင့် အာဏာစက်ဆိုတာ တယ်ကြောက်စရာကောင်းတာပဲနော်-

ဒေါသမကင်းပဲ လုပ်တဲ့ ကိစ္စတွေဟာ တန်ပြန်ပေးဆပ်ရတာတွေရှိပါတယ်-

တေမိဇာတ်တော်ကြီး ကို မြန်မာတိုင်းသိပေမဲ့ ဆင်ခြင်ဖို့ မေ့လျော့နေတာဖြစ်မယ်ထင်ပါတယ်-

ဓမ္မာရံကြီး ဘုရားမှာ ထီးတော်မရှိပါဘူး-

ငလျင်ဒဏ်ကြောင့်မဟုတ်ပဲ အကုသိုလ်အားကြီးလွန်းပြီး

ထီင်္းတော်မတင်နိုင်ခဲ့တာလို့ ဆိုပါတယ်-

ကုလားမ မိဖုရား အသတ်ခံရတယ်ကြားတော့ ကုလားပြည်ကနေ စိတ်ဆိုးပြီး

ပုဂံ ကို စစ်ချီလာပါရော-

အဲဒီ အချိန်မှာ ဘုရင်ဟာ ဘုရားရဲ့ ၀င်ပေါက်မုခ်ပေါက် (၄)ခု မှာရှိတဲ့-

ဆင်းတုတော် (၄)ခုကိုပြန်ပိတ် ခိုင်းနေတယ်ဆိုပါတယ်-

နောက်ဆုံး (၁)ဆူကို ပိတ်မရတဲ့အဆုံး-

အဲဒီ ဘုရားရဲ့ ရှေ့မှာ တရားကျင့်တော့မယ်ဆုံးဖြတ်ပြီး-

အစောင့်တွေ လည်းမထားတော့တဲ့အချိန်-

ကုလားပြည်က မင်းက၀င်တိုက်ခဲ့တဲ့ အတွက်-

ရှုံးနိမ့်ခဲ့ရတယ်လို့ ဆိုပါတယ်-

ပုဂံ ရာဇ၀င်မှာ ကုလားကျမင်းလို့ ဆိုပါတယ်-

အဲဒီ ဘုရားထဲမှာ သေဆုံးသွားတဲ့ မိဖုရားပုံ ရုပ်တုရှိပါတယ်-

နောက် ထူးဆန်းတာတော့ ဘုရားရဲ့ အထဲပတ်လမ်းထဲမှာ-

မောင်းမ လျှောက်လမ်းဆိုတာရှိနေတာ-

ဘယ်လိုစိတ်ကူးနဲ့များ-

ဘုရားထဲမှာ ပေါက်ပေါက်ရှာရှာလို့ တွေးမိပါတယ်-

ဘုရင်ဟာ မိဖုရားတွေများလွန်းလို့ မိဖုရားခေါင်ကြီးတင်ဖို့ကို-

အဲဒီနည်းနဲ့ ရွေးခဲ့တာလို့ ပြောပါတယ်-

ပတ်လမ်းအမြင့် အပေါ်မှာ-

(၁)တောင်လောက်လမ်းကို -

တစ်ဖက်က ဘာမှမရှိပဲ-

တစ်ဖက်က နံရံ-

နံရံကိုမှ- လက်ကိုင်လို့ ရရုံ (၁)လံလောက်အကွာမှာ (၁)ပေါက်-

ဘယ်နှစ်ယောက် အောင်မြင်တယ်လို့ တော့မသိခဲ့ရပါဘူး-

အဲဒီဘုရင်ဟာလည်း အဲဒီဘုရားထဲမှာ သေဆုံးနိဂုံးချုပ်ခဲ့ပါတယ်-

0 comments: